Friday, May 9, 2014

ဝေးကွာခြင်း၏အခြားတစ်ဖက်၌ - မေလေး(ကန္ဒရ၀တီ)


( ၁ )

“ မောင်”

နှုတ်ခမ်းဖျားက ခပ်ဖွဖွလွတ်ထွက်သွားသော နာမ်စားတစ်ခုအား ကျွန်မ အချိန်မှီ မတားဆီးနိုင်ခဲ့ပါ။ မြင်လိုက်ရသည့် ပုံရိပ်တစ်ခုက ကျွန်မ နှလုံးသားကို တစ်စုံတစ်ရာ စူးနင့်နာကျင်စေခဲ့သည်။ မသုံးသင့်တော့သော နာမ်စားတစ်ခု၏အသံကို သူကြားသွားလေမလားဟု ကျွန်မစိုးရိမ်မိ၏။  သူမကြားမိပါစေနဲ့  ဟုလည်း တိုးတိုးတိတ်တိတ် ဆုတောင်းနေမိသည်။ ပြန်မဆုံတော့ဘူးရယ်လို့ မှတ်ယူထားသော လူတစ်ယောက်ကို မထင်မှတ်သည့် နေရာတစ်ခုတွင် အမှတ်မထင်ပြန်လည်တွေ့ဆုံခြင်းသည် ကျွန်မအတွက် ခြောက်ခြောက်ခြားခြားရှိနေသလိုပင်။ ကျွန်မ လပေါင်းများစွာတမ်းတခဲ့သော၊ ကျွန်မ နှစ်နှစ်ကာကာ ချစ်ခဲ့ရသော၊ ကျွန်မ မြတ်မြတ်နိုးနိုးချစ်ခဲ့ရသော လူတစ်ယောက်၏ ပုံရိပ်သည် ကျွန်မနံပါးသို့ ရုတ်တရက် ရောက်လာခဲ့ပြီ။ မှင်သက်သွားသည့် တဒင်္ဂတွင် ကျွန်မ တုန်လှုပ်သွားခဲ့သည်ကား အသေအချာ။ ပျက်ယွင်းသွားသည့် အမူအရာကို ရုတ်တရက် ပြန်လည်ထိန်းချုပ်ဖုံးဖိနိုင်လိုက်လေသလားတော့ မသေချာမရေရာ။ ကမ္ဘာကြီးက အမှန်တကယ် ကျဉ်းမြောင်းနေပြီလား။

ရှေ့ဆက်လှမ်းရမည်လား၊ နောက်ပြန်လှည့်ရမည်လား ကျွန်မ မဆုံးဖြတ်တတ်တော့ပြီ။ ဒွိဟတို့နှင့် ရှုပ်ထွေးနေသော ထိုခဏတွင်ပင် မောင့်မျက်ဝန်း ညိုညိုတို့နှင့် ဖျတ်ခနဲ ဆုံလိုက်မိသေးသည်။ ၀ဲဘက်ရင်နေရာမှာတော့ နွေးထွေးသောစီးကြောင်းတစ်ခုဖြတ်သန်းသွား၏။ တဒင်္ဂဆုံတွေ့လိုက်ရသော မောင့်မျက်ဝန်းများတွင် သံယောဇဉ်အရိပ်အယောင်လေးများ ရှိနေ သေးသလား ဟု ကမန်းကတမ်း လိုက်ရှာမိသော်လည်း ဘယ်အရာကိုမှ ကျွန်မ ဖမ်းဆုပ်မရခဲ့။
မောင့်မျက်ဝန်းတွေထဲတွင် အကြွင်းအကျန် အကြင်နာရိပ် ဆိုတာ တစ်စွန်းတစ်စမှ မရှိနေပါဘူး။ တမ်းတလွမ်းဆွတ်ခြင်းဆိုသည့် အရိပ်အယောင်များဆိုသည်ကား ဘယ်ဆီဘယ်ဝယ်မှန်းမသိခဲ့ပါ။ မထင်မှတ်ဘဲ ကျွန်မကို ဒီနေရာတွင်တွေ့လိုက်သောကြောင့် အံသြသွားသော အမူအယာကတော့ မောင့်မျက်ဝန်းများတွင်အထင်းသားပေါ်လွင်လျက်။

( ၂ )

ကျွန်မတို့နှစ်ယောက်၏ ပတ်သတ်ဆက်နွယ်မှုသည် ပြောင်းလဲသွား   ပြီဖြစ်သော်လည်း မောင့်အသွင်ကားအရင်ကလိုပင် ပြောင်းလဲသွားခြင်းမရှိ။ မောင် အနည်းငယ်တော့ပိန်သွားသယောင်ထင်ရသည်။ မောင် နေမကောင်းဖြစ်သည် ဟု သတင်းသဲ့သဲ့တော့ ကျွန်မကြားမိသား။ ထို့ကြောင့်ပင်ဖြစ်မည်။ မောင့်မျက်ဝန်းညိုညိုတို့သည်လည်းအရင်လို စူးရှနေဆဲ။ မောင့်မျက်ဝန်းတို့နှင့် ထပ်မဆုံမိအောင် ဝေးဝေးက လွယ်နန်းဖ တောင်ကြီးဆီသို့မျက်နှာလွှဲကာငေးစိုက်နေမိသည်။ မောင့်အကြည့်တို့ကို ကျွန်မ ရင်မဆိုင်ရဲပါ။ ထိုမျက်ဝန်းများက ကျွန်မကို ယစ်မူးစေခဲ့သည်ကိုး။ စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ်တုန်နေသော ဒူးတို့က ခွေလဲလုလု။ ခြေဖျားလက်ဖျားတို့ကလည်း အေးစက်လာသည်။ ကျွန်မ၏ တုန်လှုပ်ခြင်းကို မောင် မသိစေလိုပါ။ အတတ်နိုင်ဆုံး တုန်လှုပ်သွားသည့် အမူအရာတို့ကို တည်ငြိမ်အောင် ကျွန်မ ကြိုးစားနေမိသည်။
  
“ တစ်ယောက်တည်းလား “ 

မောင့် အမေးကြောင့် မောင့်မျက်နှာကို ဖျတ်ခနဲ ငဲ့ကြည့်မိလိုက်သေးသည်။ ခေါင်းညိတ်ကာသာ မောင့်အမေးကို အသိအမှတ်ပြုဖြေပေးလိုက်သော်လည်း “ မေးရက်လိုက်တာာ မောင်ရယ် “ ဟူသော စကားသံက ကျွန်မ ရင်ဝယ် အကြိမ်ကြိမ်အခါခါ ပဲ့တင်ထပ်နေ၏။  ထိုစကားသံကို ကျွန်မနှုတ်ဖျားမှ လွတ်ထွက်မသွားမိအောင် နှုတ်ခမ်းကိုဖိကိုက်ကာ ထိန်းချုပ်ထားမိသည်။ ရင်ဘတ်ထဲတွင်တော့ တဆစ်ဆစ်နာကျင်ခြင်းဒဏ်ရာကား တစ်စထက်တစ်စတိုးဝင်နေဆဲ။ တကယ်ဆို “မောင်ပဲကျွန်မကို တစ်ယောက်တည်းထားခဲ့တာလေ “ ဟု ပြောချင်မိတာပါ။ တစ်ယောက်တည်း ချန်ထားခံရသည့် ဝေဒနာကို မောင်မှမသိဘဲလေ။
  
(၃)

“ ဒီနေရာကို ဘာလာလုပ်တာလဲ “

မောင်သည် ကျွန်မကို စကားလုံးတွေနှင့် ထိုးနှက်ရန် ဒီနေရာကိုပြန်ရောက်လာသလား။ မောင့် မေးခွန်းက ရင်ဘတ်ထဲထိစူးနင့်နာကျင်စေပြန်သည်။ ကျွန်မ ဒီနေရာလေးကို လာခွင့်မရှိတော့ဘူးတဲ့လား။ ။ ကျွန်မ မျက်ဝန်းတို့က မောင့်မျက်နှာဆီသို့ရောက်သွား၏ ။ သို့သော် ကျွန်မ မောင့်အမေးကို မဖြေမိ ။ ကျွန်မ နှုတ်ခမ်းတွေကတော့ လှုပ်သွားသေးသည် ။ ကျွန်မ မောင့်ကိုပြုံးပြလိုက်မိသလား ။ တကယ်ဆို ကျွန်မ မောင့်ကို ပြုံးတောင် ပြုံးမပြသင့်ဘူး ။ ကျွန်မ မောင့်ကို မုန်းတယ်လို့ တဖွဖွရွတ်ခဲ့တာ ။ ကျွန်မ မောင့်အတွက် အာဃာတတွေ မွေးမြူထားခဲ့တာ ။
သို့သော် ကျွန်မ ဒီနေရာမှာ မောင့်ကို သတိရတဲ့အချိန်တော်တော်များများကို ကုန်ဆုံးစေခဲ့သည် ။

ဤနေရာလေးသည် ဟိုးအတိတ်က ရင်ခုန်သံတို့ဖြင့်ဆူညံခဲ့ဖူးသည်။ ခိုးခိုးခစ်ခစ်ရယ်သံတို့က အိပ်ငိုက်နေသော ထေးငှားလျားကန်ကြီးကိုပင် လန့်သွားစေခဲ့လိမ့်မည်။ လွိုင်ကော် တက္ကသိုလ်ကြီးကလည်း  မြေနီလမ်းလေးကို ကျောပေး၍ စကားတွေဖောင်ဖွဲ့ကာ ကြည်နူးနေသော ကန်စပ်က ကောင်လေးနှင့်ကောင်မလေးကို ငေးကြည့်ခဲ့ဖူးလိမ့်မည်။ မောင်နှင့်သူမသည် လွိုင်ကော်တက္ကသိုလ်တွင် အများအားကျခဲ့သော ချစ်သူစုံတွဲတစ်တွဲအဖြစ်လည်း ရှိခဲ့ဖူး၏။
ဒီနေရာကလေးမှာပဲ ကျွန်မရဲ့ပါးပြင်နဲ့မောင့်ဝင်သက်ထွက်သက်တွေ စတင်မိတ်ဆက်ခဲ့သည် ။ ဒီနေရာလေးမှာပဲ မောင်နောက်ကျောပြင်ကိုကြည့်ရင်း ကျွန်မမျက်ရည်တွေပြိုကျခဲ့သည် ။ ဒါကြောင့် ကျွန်မ ပြုံးပြလိုက်မိတယ်ဆိုရင်တောင် ကျွန်မ အပြုံးက သန့်စင်မှာမဟုတ်ဘူး ။ ချစ်ခြင်း၊မုန်းခြင်း၊လွမ်းဆွတ်တမ်းတခြင်း၊နာကြည်းခြင်း စတဲ့ ဆန့်ကျင်ဘက်တရားတွေနဲ့ပြည့်နှက်နေလို့ပါ ။

မောင့်ရဲ့ သက်ပြင်းချသံခပ်သဲ့သဲ့ကို ကျွန်မကြားမိသည် ။ မောင်ဘာကြောင့်သက်ပြင်းချသလဲ။ ကျွန်မ မသိ ။ ကျွန်မနဲ့ပတ်သတ်လို့များ မောင့်မှာ စိတ်မောစရာ တစ်ခုခုရှိနေလို့လား ။ တကယ်ဆို အချိန်တွေကကြာခဲ့ပါပြီ ။ တစ်ဖက်က အပြောင်းအလဲတွေရှိသွားပြီကို သိသိနှင့် မပြောင်းလဲနိုင်သေးခြင်းသည် ကျွန်မ၏ ရူးမိုက်မှုတစ်ခုသာဖြစ်သည် ။ အချိန်တွေနှင့်အတူ ကျွန်မ   လည်းပြောင်းလဲသင့်သော်လည်း ကျွန်မ သည် မောင်နှင့်ပတ်သတ်လာလျှင် ရူးမိုက်မှုတစ်ခုကို တွယ်တာနေတတ်ဆဲဖြစ်သည် ။


“ ကျောင်းကိုလာတာလား”

ကျွန်မ၏ ပထမဆုံးစကားသံသည် အထစ်အငေါ့မရှိသော်လည်း အနည်းငယ်တော့ တုန်ရီနေလိမ့်မည်။

“ သူဒီမှာပဲတာဝန်ကျတယ်လေ”

မောင့်စကားသံတို့က အရင်ကလို ပြတ်ပြတ်သားသားပင်။  သူ… သူဆိုသည်က မောင့်ချစ်ဇနီး ရတီနွယ် ပင်ဖြစ်မည်။ မောင်နှင့်ကျွန်မ ချစ်သူသက်တမ်း ငါးနှစ် စွန်းစွန်းတွင် “ မိဘစကားကို မလွန်ဆန်နိုင်လို့ပါ” ဆိုသည့်အကြောင်းပြချက်ကောင်းတစ်ခုနှင့် မောင်သည် သူမထက် အစစအရာရာသာလွန်သော ရတီနွယ်ဆိုသည့် ဆရာမလေးတစ်ယောက်နှင့်လက်ထပ်ခဲ့ခြင်းဖြစ်သည်။ မောင်စကားတွေထပ်ပြောနေသော်လည်း ကျွန်မ မကြားတော့။ မောင်မေးသည့်မေးခွန်းများကိုလည်း ကျွန်မဖြေနိုင်လိမ့်မည်မဟုတ် ။ ထို့ကြောင့် မောင့်လက်ချောင်းလေးများကိုသာငေးကြည့်နေမိသည် ။ ယောက်ျားလေးတန်မဲ့ မောင့်လက်ချောင်းလေးများက သွယ်လျလျ။ လက်သည်းတွေက တိတိရိရိကိုက်ဖြတ်ထားတာကလည်း အရင်အတိုင်းပင်။ ပြောင်းလဲသွားသည့်အရာကတော့ အရင်ကလို မောင့် လက်ကို ကျွန်မ ဆုပ်ကိုင်ခွင့်မရတော့ခြင်းသာဖြစ်သည်။ ဟိုးအတိတ်နေ့ရက်များတွင် ထေးငှားလျားကန်စပ်လေးတွင်ထိုင်ရင်း မောင့်လက်ဖ၀ါးကိုဆုပ်ကိုင်ကာ လွယ်နန်းဖတောင်ကြီးပေါ်မေးတင်နေသော နေလုံးကြီးကိုငေးကြည့်ခဲ့ဖူးသည်။ မောင့်လက်ကိုဆွဲကာ လွိုင်ကော်တက္ကသိုလ်အနှံ့လျှောက်ခဲ့ဖူးသည်။ အခုတော့လည်း အတိတ်သည် ပုံပြင်တစ်ပုဒ်သာဖြစ်သည်။

( ၄ )

“ ငယ် “

မောင့်ခေါ်သံက ကျွန်မကို လှုပ်နှိုးလိုက်ပြန်၏ ။ မောင်ကျွန်မကို ငယ် ဟု ခေါ်လိုက်သည် ။မောင့်အသံသည်  ကျွန်မ ရင်ဘတ်ထဲထိ နွေးထွေးစွာ စီးဆင်းသွားပါသည် ။ မောင့်ကို မော့ကြည့်ရင်း နောက်တစ်ကြိမ်ပြုံးရယ်ပြဖို့ ကျွန်မကြိုးစားလိုက်မိပါသေးသည် ။

“ နေမကောင်းဘူးလား ၊ ပိန်သွားတယ်နော် “

“ ဟင့်အင်း ၊ ဘာမှမဖြစ်ပါဘူး ၊ နေကောင်းပါတယ် “

တကယ်ဆို ဒီမေးခွန်းက မောင့်ကို ကျွန်မက မေးရမှာပါ ။ မောင် ဆေးရုံ ခဏခဏ တက်ရတဲ့  သ n တင်းတွေ ကျွန်မကြားပါသည် ။ ကျွန်မမေးချင်ပါသည်။ သို့သော် ကျွန်မတွင် မောင့်အတွက် သုံးစရာ အခြားနာမ်စားတစ်ခုမရှိသောကြောင့်သာ ခပ်ဆိတ်ဆိတ်သာ နေလိုက်ကာ ကန်ရေပြင်ကို ငေးကြည့်နေလိုက်မိသည်။ ထေးငှားလျားကန်ကြီးကတော့ ကျွန်မ ခံစားချက်ကိုနားလည်ကောင်းပါရဲ့။

“ တောင်းပန်ပါတယ် “ တဲ့ ။

အဆက်အစပ်မရှိဘဲ ပြောလိုက်တဲ့ မောင့်စကားတစ်ခွန်းက ရင်ကို နင့်သွားစေပါသည် ။ မောင့် ဆိုလိုရင်းကို ကျွန်မသဘောပေါက်ပါ၏။ ချစ်သူ၏သစ္စာမဲ့စွာ ချန်ထားခဲ့ခံရသော မိန်းမတစ်ယောက်အတွက်  “တောင်းပန်ပါတယ်” ဟူသောစကားတစ်ခွန်းသည် ဝေဒနာတို့သက်သာသွားရန် လုံလောက်ခြင်းရှိမည်မဟုတ်။ စူးရှနာကျင်သွားသည့် ဝေဒနာကို ဖုံးဖိရင်း ခေါင်းကိုမော့ကာ “ ဘာအတွက်လဲ၊ တောင်းပန်ရုံနဲ့ ကျွန်မအချစ်တွေ အစားပြန်ရမှာလား “ ဟု အော်ဟစ်လိုက်ချင်သော်လည်း အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားလိုက်သည်။

မောင့် အကြည့်ကြောင့် တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံတို့ကို မောင်ကြားသွားမှာတော့ စိုးမိပါသည် ။ မောင့် မျက်ဝန်းတို့သည် ကျွန်မကို ငေးနေရာမှ ကျွန်မ နောက်ဘက် ကန်စပ်မှ သစ်ပင်ပုလေးထံသို့ ရွေ့လျားသွားခဲ့သည်။ ထိုသစ်ပင်လေးတွင် မောင်နှင့်ငယ် ဆိုသော စာလုံးလေးများကို မောင်ကိုယ်တိုင် ဓါးပါးလေးနှင့်ထွင်းခဲ့သည်။ မောင်ဘာကြောင့်များ ထိုအပင်လေးကိုငေးနေပါလိမ့်။ ထိုအခိုက်အတန့်မှာတော့ မောင့်မျက်ဝန်းများထဲတွင် အတိတ်ကအရိပ်တစ်ချို့ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ အမှန်ဆို ကျွန်မ ဒီနေရာကို မလာသင့်တော့တာအမှန်ပါ ။ သို့သော် မောင် နှင့်ပတ်သတ်သမျှ နာကျင်ခြင်း၊လွမ်းဆွတ်တမ်းတခြင်း စသည့်အရာများကိုပါတယုတယသိမ်းထားနေမိသောကြောင့် အခု မောင့်ကိုပါ စိတ်ဆင်းရဲစေခဲ့ပါပြီ ။

ကျွန်မ ရှေ့မှ မောင့်ပုံရိပ်သည် ၀ါးသထက်ဝါးလာခဲ့သည် ။ ကျွန်မ မျက်ဝန်းတို့သည် စိုစွတ်စွတ်ဖြစ်လာခဲ့သည် ။ ကျွန်မ ခပ်တိုးတိုး တစ်ချက်ရှိုက်လိုက်မိသည် ။ ကျွန်မ ရှိုက်သံကို မောင့်အားမကြားစေချင်သော်လည်း မောင်ကြားသွားခဲ့သည် ။ ကျွန်မကို ငေးကြည့်နေသော မောင့်မျက်ဝန်းတို့တွင် မျက်ရည်တို့ဝေ့သီလာသော်လည်း မောင် က ကျွန်မလို ငိုမှာ မဟုတ်ဘူး ဆိုတာ ကျွန်မ အတပ်သိပါသည်။ ကျွန်မ မျက်ရည်များကို ကမန်းကတမ်းသိမ်းဆည်းဖို့ကြိုးစားခဲ့သည် ။ ကျွန်မ မျက်ရည်ကြောင့်မောင့်ကို မပူလောင်စေလိုသော်လည်း “ မငိုပါနဲ့….ငယ်….” ဟု ရင်ခွင်ထဲတွင်ထွေးပွေ့ရင်း နှစ်သိမ့်ပေးမည့် မောင့်အပြုအမူ တစ်ချို့ကိုတော့ တမ်းတမိသည် ။ မောင့်ရင်ခွင်သည် အရင်လို နူးညံ့နွေးထွေးဆဲလား ကျွန်မ သိချင်ပါသည် ။ သို့သော် ကျွန်မ သိခွင့်မရတော့ပါ။ အရင်လို မောင့်ပခုံးတစ်ဘက်ပေါ်ပါးအပ်ကာ ငိုကြွေးခွင့်မရတော့သော်လည်း မောင့်အင်္ကျီ ဘယ်ဘက်အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါဖြူလေးကတော့ ကျွန်မလက်ထဲသို့ နူးညံ့စွာရောက်ရှိလာခဲ့သည်။ မောင့်လက်ဖ၀ါးတို့အစား ပုဝါဖြူလေးက ကျွန်မမျက်ရည်တို့ကို သွေ့ခြောက်စေအုံးမည်။


( ၅ )

“ ကိုယ် သွားတော့မယ်နော် “

မောင့်စကားသံတို့ နားမှာကြားသော်လည်း ကျွန်မ ခေါင်းမညိတ် မိသလို ၊ ခေါင်းလည်း မခါမိပါ။ ကျွန်မ တစ်ကိုယ်လုံး အေးစက်သွားမှာကတော့ အသေအချာပင်။ ဒီစကားမျိုးကို ကျွန်မကြားခဲ့ရသည်မှာ အခုကား ဒုတိယအကြိမ်မြောက်။ ပထမအကြိမ်နှင့်ဒုတိယအကြိမ်သာ ခြားနားသွားခဲ့သော်လည်း ၀ဲဘတ်ရင်အုံထက်မှ စူးအောင့်လာသည့် ဝေဒနာကား ထပ်တူကျနေပြန်သည်။ ကျွန်မခေါင်းကိုသာ ငုံထားမိသည်။ ခေါင်းမော်မကြည့်ဝံ့။ ကျောခိုင်းသွားသည့် မောင့်ကျောပြင်ကိုကြည့်ကာ “ မသွားပါနဲ့” ဟုတားမိမည်ကိုစိုးရိမ်သည်။ ကျွန်မ မျက်ဝန်းထဲမှ အရိပ်အယောင်တို့ကို မောင် ဖတ်မိသွားမည်ကိုလည်းကြောက်ပါသည်။ ဝေးသထက်ဝေးသွားသော မောင့်ခြေသံတို့ကိုတော့ ကျွန်မနားစွင့်ထားနေမိ၏။ ကျွန်မ ရင်ဘတ်ထဲ လှိုက်ဟာသွားသော်လည်း အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိရင်း ကျွန်မ အသံတွေကို ထိန်းချုပ်ထားမိသည် ။ ၀့တက်လာသော မျက်ရည်စတို့ကို ဖယ်ရှားရန် မောင်ထားရစ်ခဲ့သော လက်ကိုင်ပုဝါဖြူလေးကို အဖြန့် ပုဝါလေး၏ထောင့်တစ်နေရာမှ အင်္ဂလိပ် အက္ခရာ "N" ဆိုသည့် စာလုံးလေးက မျက်ဝန်းထဲသို့ ထင်ထင်ရှားရှားတိုးဝင်လာခဲ့သည်။မောင်သုံးတတ်သော လက်ကိုင်ပုဝါတိုင်းတွင် ကျွန်မ နာမည် အတိုကောက် " N"ဆိုသည့်စာလုံးလေးများကို ရောင်စံချည်ဖြင့် ကျွန်မကိုယ်တိုင်ထိုးပေးခဲ့သည်။မောင်သည် ဘာကြောင့် ထိုလက်ကိုင်ပုဝါလေးကို ဘယ်ဘက်ရင်အုံနှင့်အနီးဆုံးတစ်နေရာတွင်ထားခဲ့ပါသနည်း။ မည်သို့ပင်ဖြစ်စေကာမူနောက်ဆုံးတော့လည်း ကျွန်မသည် နေရစ်ခဲ့ရသူသာ ဖြစ်ခဲ့၏။


လေးစားစွာဖြင့်
 မေလေး (ကန္ဒရ၀တီ)

3 comments: