Friday, May 9, 2014

ဝေးကွာခြင်း၏အခြားတစ်ဖက်၌ - မေလေး(ကန္ဒရ၀တီ)


( ၁ )

“ မောင်”

နှုတ်ခမ်းဖျားက ခပ်ဖွဖွလွတ်ထွက်သွားသော နာမ်စားတစ်ခုအား ကျွန်မ အချိန်မှီ မတားဆီးနိုင်ခဲ့ပါ။ မြင်လိုက်ရသည့် ပုံရိပ်တစ်ခုက ကျွန်မ နှလုံးသားကို တစ်စုံတစ်ရာ စူးနင့်နာကျင်စေခဲ့သည်။ မသုံးသင့်တော့သော နာမ်စားတစ်ခု၏အသံကို သူကြားသွားလေမလားဟု ကျွန်မစိုးရိမ်မိ၏။  သူမကြားမိပါစေနဲ့  ဟုလည်း တိုးတိုးတိတ်တိတ် ဆုတောင်းနေမိသည်။ ပြန်မဆုံတော့ဘူးရယ်လို့ မှတ်ယူထားသော လူတစ်ယောက်ကို မထင်မှတ်သည့် နေရာတစ်ခုတွင် အမှတ်မထင်ပြန်လည်တွေ့ဆုံခြင်းသည် ကျွန်မအတွက် ခြောက်ခြောက်ခြားခြားရှိနေသလိုပင်။ ကျွန်မ လပေါင်းများစွာတမ်းတခဲ့သော၊ ကျွန်မ နှစ်နှစ်ကာကာ ချစ်ခဲ့ရသော၊ ကျွန်မ မြတ်မြတ်နိုးနိုးချစ်ခဲ့ရသော လူတစ်ယောက်၏ ပုံရိပ်သည် ကျွန်မနံပါးသို့ ရုတ်တရက် ရောက်လာခဲ့ပြီ။ မှင်သက်သွားသည့် တဒင်္ဂတွင် ကျွန်မ တုန်လှုပ်သွားခဲ့သည်ကား အသေအချာ။ ပျက်ယွင်းသွားသည့် အမူအရာကို ရုတ်တရက် ပြန်လည်ထိန်းချုပ်ဖုံးဖိနိုင်လိုက်လေသလားတော့ မသေချာမရေရာ။ ကမ္ဘာကြီးက အမှန်တကယ် ကျဉ်းမြောင်းနေပြီလား။

ရှေ့ဆက်လှမ်းရမည်လား၊ နောက်ပြန်လှည့်ရမည်လား ကျွန်မ မဆုံးဖြတ်တတ်တော့ပြီ။ ဒွိဟတို့နှင့် ရှုပ်ထွေးနေသော ထိုခဏတွင်ပင် မောင့်မျက်ဝန်း ညိုညိုတို့နှင့် ဖျတ်ခနဲ ဆုံလိုက်မိသေးသည်။ ၀ဲဘက်ရင်နေရာမှာတော့ နွေးထွေးသောစီးကြောင်းတစ်ခုဖြတ်သန်းသွား၏။ တဒင်္ဂဆုံတွေ့လိုက်ရသော မောင့်မျက်ဝန်းများတွင် သံယောဇဉ်အရိပ်အယောင်လေးများ ရှိနေ သေးသလား ဟု ကမန်းကတမ်း လိုက်ရှာမိသော်လည်း ဘယ်အရာကိုမှ ကျွန်မ ဖမ်းဆုပ်မရခဲ့။

ရဲရဲကြီးသူရဲဘောကြောင်စွာ ငါသိမ်းထားတဲ့ မထူးဆန်းသော ကဗျာ - လပန်းဧည့်


အတိတ်ရာသီရောက်ရင် ဒီဒဏ်ရာဟာရင်းတတ်တယ်
မင်းဝိညာဉ်ရဲ့ ရနံ့ သင်းသင်းလေးကို ခံစားမိနေတုန်းပဲ
ဒီကဗျာလေးတွေ မင်းကြောင့် သီးတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး
ငါမရွတ်ရဲ တဲ့ကဗျာတွေပေါ့။

တစ်ဖက်သတ် တစ်ယောက်တည်းထားခဲ့တဲ့ အထိန်းအမှတ်တွေ
ငါ့မှာ အများကြီးရှိတယ်   မင်းသိလား
မင်းလက်နဲ့ ထိတွေ့ ဖူးတဲ့  ၅၀၀ တန်လေးကို အမြတ်တနိုးနဲ့ 
ငါ့ကဗျာစာအုပ်ကြားမှာ ညှပ်သိမ်းထားခဲ့ဖူးတယ်။
သူငယ်ချင်းတွေ ပြောပြောတတ်တဲ့ “အရူး”ဆိုတဲ့ စကားကို
မြိုန်ရည် ယှက်ရည်နားထောင်ဖူးတယ် ငါ တစ်ကယ်လည်း ရူးခဲ့ပါတယ်။
မင်းဆံပင်လေးတွေသိမ်းလိုက်ပုံကအစ
မာလာဟင်းထဲက ကြာဇံလေးကို နှုတ်ခမ်းဖျားလေးနဲ့ တေ့လိုက်ပုံကအစ
ဝရံတာလက်ရမ်းပေါ်  ခုန်တက်လိုက်ပုံကအစ
ငါ့စာသင်ခန်းက မင်းထိုင်နေကျနေရာကိုလှမ်းကြည့်ရင်
ခပ်ရေးရေးကွယ်နေတဲ့  ဘောစကိုင်း ပင်ကအစ သိမ်းထားချင်ခဲ့တယ်
ငါမှတ်မိသေးတယ် ……

ပထမဆုံးမင်းနဲ့ ငါ  တစ်ယောက်ကိုတစ်ယောက်
ပြုံးပြမိခဲ့တဲ့  အင်တာနက်ဆိုင်ရဲ့ နာမည်က “ကမ္ဘာသီးသန့် ”
အဲ့ဒီနေ့ က  တစ်ကယ့်ငါ့ရဲ့ သီးသန့် ကမ္ဘာလေးပဲ။
ကိုယ့်ကိုကိုယ် မင်းလှတယ်လို့ ထင်တာထက်
ပိုလှတယ်လို့   ထင်မိတဲ့ကောင်ပါ
မသိအောင်ခိုးကြည့်တာလေးနဲ့ ကို  သိမ်ငယ်နေရတဲ့ကောင်။
သတ္တိမရှိဘူးလို့ မင်း အထင်ဟာ ငါ့အချစ်ပေါ့
မင်းငတုံးလို့ ထင်နေတဲ့ ကောင်ဟာ တစ်ကယ်တော့
အသည်းကွဲမယ်ဆိုတာသိသိကြီးနဲ့  ချစ်ခဲ့တဲ့ကောင်ပါ။

သူမကိုမေ့ပစ်ဖို့ကြိုးစားတိုင်း အနမ်းအဆွေးတွေက ကိုယ့်နဖူးကိုယ်တေ့ချိန်ထားတဲ့ သေနတ်တစ်လက်လို - မျိုးကို


သူမကိုမေ့ပစ်ဖို့ ကြိုးစားတိုင်း အနမ်းအဆွေးတွေက ကိုယ့်နဖူးကိုယ်တေ့ချိန်ထားတဲ့

သေနတ်တစ်လက်လိုပဲ ။ တစ်တောင့်ချင်းပစ်ခတ်ခြွေချ   တစ်စစီကြွေမွသွားတဲ့

ပူလောင်ပြင်းပြမှုမှန်သမျှ တရစပ် မောင်းဖြုတ်ချသွား ။ ခန္ဓာကိုယ်အနှံ့

ဖောက်ထွက်သွားတဲ့ အလွမ်းတွေမှာ ပန်းတွေပွင့်သွားပုံက သိပ်လှတယ်

အချစ်နဲ့သားဖောက်ထားတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်သူမှ

မွတ်သိပ်ဆာလောင်ဖူးကြမှာ မဟုတ်ဘူး။ ကိုယ်တို့ ရူးသွပ်ခဲ့ဖူးတာပေါ့

တစ်ယောက်ရဲ့ ပါးမှာ

တစ်ယောက်ရဲ့ လက်သည်းရာလေး ထိရှသွားဖူးတဲ့အထိ

တစ်ယောက်ရဲ့ဘ၀ကို

တစ်ယောက်ရဲ့ လက်ဖ၀ါးထဲ နားလည်မှုနဲ့ တွယ်ဆက်ထားဖူးတဲ့အထိ . . .

သိပ်ချစ်တာပေါ့ ဆိုတဲ့စကားတစ်ခွန်းကို ကိုယ့်တို့မျက်စိအောက်က

ခဏလေးတောင် အပျောက်မခံခဲ့ကြတဲ့ အချိန်အပိုင်းအခြားလေးတစ်ခု ။

သစ်ပင်အိုရဲ့ ဒိုင်ယာရီ - သုတအောင်


 အခန်း (၁)

နှစ်စဉ် သည်လိုအချိန်ရောက်သည်နှင့် ဦးကြည်နိုင် ဂနာမငြိမ်တော့။ အိမ်သို့ ဖိတ်စာလာပို့မည့်သူ တစ်ဦးဦးကို မျှော်ရသည်မှာ ဗျိုင်းလည်ပင်း ဖြစ်လုမတတ်ပင်။ မိမိကို သေချာပေါက် ဖိတ်မည်မှန်း သိနှင့်ပြီးဖြစ်သည့်တိုင် ဖိတ်စာမရမခြင်း စားမ၀င်၊ အိပ်မပျော်။ အိမ်အပြင် ဟိုနားဒီနား ခဏတဖြုတ်သွားပြီးပြန်လာသည်နှင့် ဖိတ်စာ လာပို့ပြီလားဟု မေးရသည်မှာ အမော။ သည်တော့ ဇနီးဖြစ်သူက အငေါ်တူးကာ ပြောတော့သည်။
“ဒီအဘိုးကြီးတော့လေ… တမေးတည်းမေးနေတာပဲ၊ အချိန်တန်ရင် လာဖိတ်မှာပေါ့၊ သူ့ကြည့်ရတာ မျောက် မီးခဲကိုင်ထားသလိုပဲ အိနြေ္ဒကို မရဘူး….”
ငယ်လင်ငယ်မယားဘ၀ကနေ ယခုလို ဆံဖြူသွားကျိုး အဘိုးကြီး၊ အဘွားကြီးပေါက်စန ဘ၀ရောက်သည်ထိ လက်တွဲလာသည့် ဇနီးမောင်နှံဖြစ်သည့်အတွက် တစ်ယောက်အကြောင်း တစ်ယောက် ကကြီးမှ အ အထိ အူမ ချေးခါးမကျန် သိနှင့်ပြီ….။ ခါတိုင်းဆိုလျှင်တော့
“အေးလကွာ၊ မျောက်ကို မယားတော်ထားမှတော့ ဘယ်အိနြေ္ဒရပါ့တော့မလဲ” ဟု ငယ်မူငယ်သွေးပြန်ကာ ပျော် ပျော်ရွှင်ရွှင် စနောက်မည်ဖြစ်သော်လည်း ယခုချိန်မှာတော့ စနောက်ခြင်းမပြုနိုင်။ ကိုယ့်အပူနှင့်ကိုယ်မို့လား….။ အပူဆိုပေမင့် ကြီးကျယ်သည်တော့ မဟုတ်ပေ။ တစ်ခြားသူများအဖို့ ဘာမျှမထူးသော ကိစ္စတစ်ခုသာပင်။ ဦး ကြည်နိုင်အတွက်သာ စားလည်းဒီစိတ် သွားလည်း ဒီစိတ်ဖြစ်နေသည့် အရေးကား တစ်ခြားမဟုတ်။ သည်မြို့ လေး၏ အထက်တန်းကျောင်းတွင် ဆရာအဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူသွားသည့် ဆရာ ကြီး၊ ဆရာမကြီးများကို ပူဇော်ကန်တော့သည့် နှစ်စဉ်ပြုလုပ်နေကြ အာစရိယပူဇော်ပွဲ ကြောင့်ဖြစ်၏။

Saturday, May 3, 2014

ကျွန်တော် နှင့် အိမ်မြှောင် - နေကောင်းကင်နီ

ကျုပ်လား…..။
နာမည်ပြောရရင်တော့ အိမ်မြှောင်တစ်ကောင်ပေါ့…။ အိမ်မြှောင်တစ်ကောင်ဆိုတာနဲ့ နှယ်နှယ်ရရတော့ မထင်လိုက်လေနဲ့..။ တဲအိမ် ဓနိအိမ် ချောင်ကြိုချောင်ကြားမှာ အနေဆင်းရဲ အစားဆင်းရဲ ပေပေတေတေ ချို့ချို့တဲ့တဲ့ အိမ်မြှောင်တစ်ကောင်တော့မဟုတ်ဘူး..။ ကျုပ်က သိန်းသုံးရာတန် တိုက်ခန်းပေါ်က အဆင့်မြင့်မြင့်အိမ်မြှောင်တစ်ကောင်ဗျ…။ အရောင်အဆင်းက အစကွာတယ်..။ သာမန်အိမ်မြှောင်တွေမှာ ရှိတတ်တဲ့ မွဲခြောက်ခြောက်အရောင်အဆင်းမျိုးကျုပ်မှာမရှိဘူး…။ နေရတဲ့သန့်ပြန့်မှုပေါ်မူတည်ပြီး ကွာတာပေါ့ဗျာ…။ တစ်ခါတစ်ခါ ကျုပ်ကိုကျုပ်ပြန်ကြည့်လိုက်ရင် ဟိုဘက်ဒီဘက်တောင် ထုတ်ချင်းဖောက်သလိုတောင်မြင်ရမိသဗျ…။ ဟဲ..ဟဲ….

ဒါပေမယ့် အိမ်မြှောင်က အိမ်မြှောင်ပဲလို့တော့ ကျုပ်ကသိပါတယ်…။ ဘာကြောင့်လဲဆိုတော့ အိမ်မြှောင်အလုပ်တွေ ကျုပ်ကလုပ်နေရသေးတာကိုး…။ ခုလည်းအလုပ်မရှိသေးလို့ ပျင်းပျင်းရှိတာနဲ့ လေပွားနေမိတာပါ…။ ကျုပ်တို့အလုပ်က ညနေစောင်းလောက်မှ ပေါ်လာတတ်တာလေ..။ လုပ်ရတဲ့အလုပ်ကလည်း လူတွေလိုများများစားမရှိပါဘူး..။ အသက်ရှင်ရပ်တည်ဖို့ ရှာဖွေစားသောက်ရတာတစ်ခုလေးပါပဲ..။ ခင်ဗျားတို့ပြောသလို သားကျွေးမှု မယားကျွေးမှု မရှိဘူးပေါ့ဗျာ..။ တစ်ကိုယ်ရေတစ်ကာယသမားဆိုတော့လည်း နေ့ဖို့ညစာ ချန်စရာလည်းမလိုဘူး..။ ဗိုက်ဆာတဲ့အချိန် ထရှာစားလိုက်တာပါပဲ..။ ဒါကြောင့် လူတွေအလုပ်လုပ်ဖို့ သိုက်ပွ သိုက်ပွ တာဆူနေတဲ့အချိန်မှာ ကျုပ်က တစ်ချိန်လုံးနှပ်နေတာပေါ့..။ လူတွေမှာသာ စားဝတ်နေရေးဆိုတဲ့ တာဝန်လေးခုအပြင် ဟိုဟာလေးကလည်းလုပ်ချင်သေး ဒီဟာလေးကလည်းဝယ်ချင်သေး ဒီဟာလေးကိုလည်းသုံးချင်သေး အဲလိုမျိုး လူတန်းစေ့ကလေးကလည်းနေချင်တော့ စားချိန်အိပ်ချိန်ကလွဲလို့ ကုန်းရုန်းရှာနေရတော့တာ..။ ပြောမယ့်သာပြောနေရတာပါ ကျုပ်လည်း လူဆိုတာဖြစ်လာရင် အဲလိုနေနေမလား ပြောမှမပြောတတ်တာ..။ သေချာတာကတစ်ခုက လူတွေမှာပြောပြောနေတဲ့ ဒေါသ မောဟ သောက လောဘတွေလောက် ကျုပ်တို့မှာများများစားစားမရှိတာအမှန်ပဲ..။ ဗိုက်ဆာရင်စား စားလို့ဝရင် ကိုယ့်နေရာလေးမှာ ကိုယ်အဆင်ပြေပြေနေ အချိန်တန်အရွယ်ရောက်ရင် ကိုယ်နဲ့မျိုးတူရာကိုရှာပြီး ကာမစည်းစိမ်ကိုခံစားလိုက်တာပဲ..။  အင်း…. ပြောမယ့်သာပြောရတာပါ ကျုပ်တို့မှာလည်း ကျုပ်တို့ရဲ့ ရပ်တည်မှုအတွက် ကြိုးစားအားထုတ်ရတာလည်း ရှိသေးတာပဲ..။ အဓိကကတော့ ခွန်အားပေါ့..။

အသံထွက်ကဗျာ - ဒီလူည

ဝေဒနာကိုမျက်ရည်နဲ့မြိုက်ထားတယ်
အပေါ့အပါးသွားနေတဲ့ကျေးဇူးတရားတွေပြန်မလာခင်ထိ
ဒီမှာဆန်ပေးမှဆီရတဲ့ရေတွေတသွင်သွင်စီးဆင်း
ဒီညစာစားပွဲမှာဈေးကွက်ညှိကြဝိုင်မော့ကြနဲ့
ချွေးစက်တွေနဲ့လှနေတဲ့ဟင်းခွက်တွေဖွယ်ဖွယ်ရာရာ
ကမ္ဘာကြီးစိမ်းလန်းဖို့လက်နက်တွေတိုးထုတ်ရမှာလား
မစ္စတာအဲလ်ဖရက်နိုဘယ်
ခင်ဗျားရဲ့သံဝေဂစကားမှာ...ခုတော့
အိုးမဲ့အိမ်မဲ့တွေအစုလိုက်အပြုံလိုက်
ခင်ဗျားလှဖို့စဉ်တဲ့ကမ်ဘာမှာခုလိုအကျည်းတန်သွားတာ
ခင်ဗျားမှာအပြစ်မရှိပါဘူး

ကံတရားရဲ့လဘ်သိပ်ထိုးမှုကြောင့်သာ
ခင်ဗျားစမ်းချောင်းလေးမီးမြှိုက်ခံလိုက်ရတာ
ကဲ..မစ္စတာအိုင်းစတိုင်း
ခင်ဗျားကြောက်စိတ်ကြောင့်စိမ့်ထွက်လာတဲ့စေတနာမှာ
ခုတော့..အကုသိုလ်တွေသောင်ထွန်းရပြီ
ဘယ်လိုပြောမလဲ..

ယူကလစ်လမ်းမှာ ပြန်လျှောက်ချိန် - ဟိန်းစံ ( ပဲခူး )


နွေးထွေးငွေ့သက်  ၊  အတိတ်ရက်ကို

ယှဉ်လျက်ငေးမော  ၊  ပြန်ကာပြောဖို့

တွေးတောနေလား  ချစ်တဲ့သူ     ။.

လာပါချစ်သူ  ၊  အတူတူပေါ့
ယူကလစ်တန်း  ၊  စိတ်မှာလွမ်းလို့
ကျောင်းလမ်းထဲကို  လျှောက်ရအောင်      ။
.
ချစ်သူမြင်လား  ၊  ဟော ဟိုနားက
တန်းလျားခုံတွင်  ၊  ထင်ထင်ရှားရှား
နှလုံးသားနှင့်  ၊  ထွင်းထားသည့်စာ
ကိုယ့်လက်ရာသည်  ၊  ကဗျာသရုပ်
ချစ်ဂုဏ်ပုဒ်နှင့်  ၊ ငွါးငွါးစွင့်စွင့်  ရှိနေတုန်း     ။
.
မှန်းစမ်းချစ်သူ  ၊  သစ်ရိပ်ကူလည်း
လေပူဆော့သွမ်း  ၊  မင်းစိတ်နွမ်းရင်
စိန်ပန်းပင်အောက်  ၊  အမြန်လျှောက်လို့
တစ်ထောက်ခိုနား  ၊  ကိုယ့်ရင်ကြားမှာ
စကားတီးတိုး  ၊  ချစ်စိတ်နှိုးမည်
ဟိုး ဟိုတုန်းက  အရွယ်လို       ။         ။

 ဟိန်းစံ ( ပဲခူး )

အသူရကာယ်မြို့တော် - နွေလ

“ Marico City ”


အဲ့ဒီမြို့ကို ကျွန်တော် ရောက်သွားတော့ တော်တော်တောင် ညည့်နက်နေခဲ့ပြီ။ အချိန်အားဖြင့် ဆိုရရင် မနက် တစ်နာရီ ထိုးခါနီး အချိန်လောက် ဖြစ်မယ်ထင်ရဲ့။ ဒါပေမဲ့လည်း မာရီကိုရဲ့ညဟာ ညနဲ့မတူဘဲ နေ့ခင်းနဲ့မခြား မီးရောင်စုံများနဲ့ လင်းထိန်တောက်ပနေတယ်။ သွားလာရွေ့လျားနေတဲ့ လူတွေဆီက တီးတိုးတီးတိုး ရေရွတ်စကားသံတွေ ၊ ဟိုဟိုဒီဒီမှ လွင့်ပျံ့လာကြတဲ့ ဆူညံသံစဉ်တွေ ၊ ငြိမ်ညောင်း သံစဉ်တွေနဲ့ လှလှပပ လောင်မြိုက်လို့။ လမ်းဘေးဈေးဆိုင်တွေကလည်း နေရာတိုင်း အစီအရီနဲ့ အခုချိန်ထိ ရောင်းကောင်းနေကြတုန်း။ မာရီကိုမြို့ရဲ့အရာရာဟာ ကျွန်တော့်အတွက်တော့ ပါးစပ်အဟောင်းသား ဟ,လို့ ငေးမောဖွယ်ရာတွေချည်း။ ဘာဖြစ်လို့ မာရီကိုရဲ့ညဟာ ဒီလောက် သက်ဝင်လှုပ်ရှားနေရတာပါလိမ့်။ တကယ်ဆိုရင် ဘယ်လိုညပဲဖြစ်ဖြစ် ည တစ်နာရီ ဆိုတဲ့ အချိန်မှာ ညဟာ ညပီပီ တိုးဝပ် ငြိမ်သက်နေရမှာ မဟုတ်လား။

လေဆိပ်ကို သြစတင် လာကြိုတယ်။ “ သြစတင် ” ဆိုတာက ကျွန်တော်နဲ့ နှပ်ချေးတွဲလောင်းအရွယ်ကတည်းက လည်ပင်းဖက် ပေါင်းလာခဲ့တဲ့ ငယ်ပေါင်းကြီးဖော်အရင်းခေါက်ခေါက်ကြီး။ မနှစ်ကမှ သူ မာရီကိုကို ရောက်သွားခဲ့တာ။ အလုပ်အကိုင် တော်တော်လေး အဆင်ပြေတယ် ထင်ရဲ့။ နှစ်သာ ပေါက်သွားတယ် ၊ သုံးလေးလနေလို့ သြစတင်တို့ ချာချီတန်ကို ပြန်မလာဘူး။ ဒီက သူ့မိသားစုကတော့ သူ့ကျေးဇူးကြောင့် ရွှေတွဲလဲ ငွေတွဲလဲတွေ ဖြစ်ကုန်ပြီ။ တစ်နှစ်အတွင်းမှာပဲ ခနော်နီခနော်နဲ့ ပျဉ်ထောင်အိမ်ကလေးကို ခိုင်ခိုင်တည်တည် တိုက်အိမ်ကြီးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာကိုပဲ ကြည့်တော့။

သြစတင်နဲ့ကျွန်တော် ကွဲကွာသွားတာ နှစ်ပေါက်သွားပေမဲ့ အဆက်အသွယ်တော့ မပြတ်ခဲ့ပါဘူး။ ကမ္ဘာ့ဆက်သွယ်ရေးကိရိယာ မျိုးစုံက မာရီကိုနဲ့ချာချီတန်ကို ရေအိုးနဲ့ရေမုတ်လို အနေနီးစေခဲ့ပါတယ်။ သြစတင် ပြောပြပုံအရတော့ မာရီကိုဟာ အလုပ် အလွန်ပေါတဲ့ မြို့ဆိုပဲ။ အလုပ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ပိုက်ဆံရတဲ့ မြို့တဲ့။ ဒါကြောင့်မို့ပေါ့။ ကျွန်တော် မာရီကိုကို ရောက်လာခဲ့တာလေ။